ကရင်ပြည်နယ်၊ မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်လာသော စစ်ကြောင်းများကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းမည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆိုလိုက်သည်။
ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ KNLA က သိမ်းပိုက်ထားခဲ့သော မြ၀တီမြို့ ခလရ ၂၇၅ တပ်အတွင်းတွင် နယ်ခြားစောင့်BGF ၏ ခေါ်ဆောင်လာမှုဖြင့် စစ်ကောင်စီတပ်သားတချို့က စစ်ကောင်စီအလံတင်သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် KNLA တပ်များက မြ၀တီမြို့မှ ယာယီဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း ပဒိုစောတောနီးက ပြောဆိုသည်။
“မြ၀တီမြို့မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်။ အမှန်မှာက BGF နယ်ခြားစောင့်တပ်ကနေ စစ်ကောင်စီတွေကို ခေါ်လာပြီးတော့ အဲဒီ ၂၇၅ မှာပဲ စစ်ကောင်စီ အလံကို လာတင်ပေးတာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့အပေါ်မှာတော့ အထူးသဖြင့် ဒီလို အင်မတန်မှကို အရေးကြီးတဲ့အခါမျိုးမှာ ရန်သူဆင်ထားတဲ့အကွက်ထဲ မကျရောက်စေရေးအတွက် ကျနော်တို့ KNLA ပူးပေါင်းတပ်တွေ မြ၀တီမြို့ကနေ ယာယီဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရှင်းပြသည်။